အူလိုင်အကြောင်း

 အူလိုင်အကြောင်း

       အူလိုင်ပင်သည် မြန်မာပြည်မြောက်ဖျားပိုင်း၊ ရေခဲတောင်များ ပတ်လည်ဝိုင်းသော တောင်ပေါ်ဒေသ၊ ကျေးငှက်သာသကာများ တွန်ကြူးကာ သစ်ပင်ပန်းမန်များ စုံလင်ရာ နောင်မွန်၊ ခေါင်လန်ဖူး၊ မချမ်းဘော့၊ ပူတာအို မြို့နယ်များတွင် ပေါက်ရောက်ပါသည်။ အပင်သည် အရှည်ပေ ၂၀-၃၀ရှည်လျားတတ်ကာ လုံးပတ်မှာ လူတစ်ဦးပတ်၍သော်လည်းကောင်း၊လူနှစ်ဦးပတ်သော်လည်းကောင်း ရှိတတ်ပါသည်။ အပင်သည် အနှစ်၁၀-၁၅နှစ်ရောက်မှသာ ထုတ်ယူစားသုံးနိုင်ပါသည်။ စားသုံးရန် ဆန်များ မရှိသော အချိန် အူလိုင်ကို အစာအဖြစ် အသုံးပြုကာ ဘိုးဘေးများဘ၀ကို ဖြတ်သန်းခဲ့ကြသည်။ အူလိုင်စားသုံးလျှင် အသက်ရှည်ကြောင်း သက်ကြီး စကား ရှိခဲ့ကြသည်။

    အူလိုင်ကို အစာအဖြစ်လုပ်ဆောင်ရာတွင် တစ်ဦးတစ်ယောက်တည်းဖြင့် လုပ်ဆောင်၍မရပေ။ ၃-၄ဦး လောက်စီစဉ်ကာ လုပ်ဆောင်ရပေသည်။ ရွာတွင် အူလိုင်ပင်ကို အစာအဖြစ်လုပ်ဆောင်ရန် နိုးဆော်ရပေသည်။ နိုးဆော်ရာတွင် မိမိနှင့် စိတ်တူကိုယ်တူ၊ ဆွေမျိုးများကိုသာ နိုးဆော်ရ အတူတကွလုပ်ဆောင်ရပေသည်။ လူစုံလာသောအခါ ပေါက်ဆိန်၊ လွှ၊ မိုးကာ၊ အူလိုင်ပင်ခုတ်ရန်ပစ္စည်း၊ ရိက္ခာ နင့် အိပ်ရာလိပ်များ စုဆောင်းကာ အူလိုင်ပင်ရှိသော နေရာသို ခရီးပြုရသည်။

တစ်ချို့သည် အောက်ခြေမှ ခုတ်လဲကြသည်။ တစ်ချို့သည် လင့်စဉ်လုပ်ကာ ခုတ်လဲကြသည်။ အူလိုင်ပင်ကို ခုတ်လဲပြီးလျှင် အူလိုင်ထုတ်ယူရန် စင်ကိုပြုလုပ်ရသည်။ အူလိုင်ထုတ်ယူရန် စင်လုပ်ရာတွင် သစ်ပင်၊ ဝါး၊ နှီးများကို အဖျား၊ အရင်း မလွဲမှားအောင်ပြုလုပ်ရသည်။ အဖျားကို အဖျားပိုင်းတွင် သုံးကာ အရင်းကို အရင်းတွင် သုံးရသည်။အူလိုင်လုပ်ရန်စင်ပြုလုပ်ရာတွင် အဖျား၊ အရင်းမှားယွင်းလျင် အူလိုင်မရတတ်ဟု ရှေးဆိုရိုးစကားရှိခဲ့ကြသည်။ အူလိုင်လုပ်ရန် စင်ပြုလုပ်ပြီး အူလိုင်ပင်ကိုဖြတ်ရသည်။ အပိုင်းလိုက်ဖြတ်ပြီးလျင် အူလိုင်လုပ်ရန် ခုတ်ဖြတ်ပြီး အစိတ်စိတ်ဖြတ်အောင်လုပ်ရသည်။

အစိတ်စိတ်ဖြတ်အောင်လုပ်ထားသော အမုန်များကို အူလိုင်လုပ်ရန် လင့်စင်ပေါ်တင်ကာ ရေစီးဆင်သောချောင်းဘေးတွင် ရေဖြင့်လောင်းလိုက် ခြေဖြင့်နင်းလိုက်လုပ်ပြုလုပ်ရသည်။ ခြေဖြင့်နင်းလိုက်သော အူလိုင်အနှစ်များကို အနယ်ထိုင်သည်အထိ ထားရသည်။ အနယ်ထိုင်သော အူလိုင်များကို ပလိုင်ထဲတွင် အဝတ်နှင့် ပတ်ကာ ရေစင်သည်အထိ ထား

ရသည်။ ရေကုန်စင်သော အူလိုင်များကို ထင်းမီးတွင် အလုံးလိုက်ဖြစ်အောင် ဘက်ပေါင်းစုံမှ ကင်ရသည်။ အူလိုင်များ ရေခန်းခြောက်ပြီးလျင် အူလိုင်ကို ခွဲခြမ်းကာ မီးကင်အိုးတွင် ကင်ပြီး စားရသည်။ အလွန်စားကောင်းသော တောင်ပေါ်ဒေသ အစားအစာ တစ်မျိုးဖြစ်သည်။

စာရေးသူ- ဆန်နိုင်ဖုန်ရမ်ဆားရ်